
မြန်မာ့ရိုးရာအစားအစာ (Myanmar Traditional Food): မဖြစ်မနေ စားကြည့်သင့်တဲ့ မြန်မာအစားအစာ (၁၇) မျိုး
Share
စားကြည့်သင့်တဲ့ မြန်မာ့ရိုးရာအစားအစာ (Myanmar Traditional Food) (၁၇) မျိုး
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ရိုးရာအစားအစာတွေကလည်း ထူးခြားပြီး လူသိများပါတယ်။
ဒီနေ့မှာတော့ မြန်မာ့ရိုးရာအစားအစာ (Myanmar Traditional Food) တွေထဲကမှ လူကြိုက်များ ထင်ရှားတဲ့ နာမည်အကြီးဆုံး အစားအစာ (၁၇)မျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီအစားအစာတွေက မြန်မာ့ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို နိုင်ငံတကာမှာလည်း လူသိများပါတယ်။
၁။ မုန့်ဟင်းခါး (Mohinga)
မုန့်ဟင်းခါးက မြန်မာ့ရိုးရာအစားအစာ (Myanmar Traditional Food) တွေထဲမှာ နာမည်အကြီးဆုံး အစားအစာတစ်ခုပါ။ မြန်မာတို့ရဲ့ အမျိုးသားအစားအစာ (National Dish of Myanmar) လို့တောင် သတ်မှတ်ကြပါတယ်။ မုန့်ဟင်းခါးကို ငါးရံ့၊ ဆန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့နဲ့ ချက်ပြုတ်ပြီး မုန့်ဖက်၊ အနှစ်ဟင်းရည်တို့နဲ့ တွဲဖက် စားသုံးကြပါတယ်။
မုန့်ဟင်းခါးကို နံနက်စာအဖြစ် စားသုံးလေ့ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရနိုင်ပါတယ်။ ဒါပေမယ့် ဒေသအလိုက် ချက်ပြုတ်ပုံတွေက ကွဲပြားနိုင်ပါတယ်။
၂။ လက်ဖက်သုပ် (Laphet Thoke)
ကမ္ဘာမှာ လက်ဖက်ယဉ်ကျေးမှုဟာ အာရှတိုက်ကနေ စတင်ပါတယ်။ မြန်မာမှာတော့ လက်ဖက်ခြောက်အပြင် လက်ဖက်အစိုပါ ကြက်သွန်ဖြူ၊ ပဲကြော်၊ မြေပဲ၊ နှမ်း၊ ငရုတ်သီးစိမ်းတို့နဲ့ ရောစပ်ပြီး သုပ်စားလေ့ရှိပါတယ်။
လက်ဖက်သုပ်ဟာ မြန်မာ့ယဉ်ကျေးမှုမှာ အရေးပါတဲ့ အစားအစာတစ်ခုဖြစ်ပြီး အလှူမင်္ဂလာပွဲနဲ့ ရိုးရာပွဲတော်တွေမှာ မပါမဖြစ် ပါဝင်ပါတယ်။
၃။ အုန်းနို့ခေါက်ဆွဲ (Ohn No Khao Swe)
အုန်းနို့ခေါက်ဆွဲဟာ မြန်မာ့ရိုးရာအစားအစာတွေထဲမှာ ချိုမြိန်ပြီး အရသာရှိတဲ့ အစားအစာဖြစ်ပါတယ်။ အုန်းနို့၊ ကြက်သား၊ ကုလားပဲတို့နဲ့ ချက်ပြုတ်ထားပြီး ဟင်းရည်ကို ဂျုံခေါက်ဆွဲနဲ့ တွဲဖက်စားကြတာပါ။
ကြက်သွန်နီပါးပါး၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာရည်တို့ထည့်ကာ အရသာလိုသလိုပြုပြင်ပြီး နံနက်စာအဖြစ် စားသုံးလေ့ရှိပါတယ်။
၄။ ရှမ်းခေါက်ဆွဲ (Shan Noodles)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူကြိုက်များတဲ့ ရှမ်းခေါက်ဆွဲဟာ ရှမ်းပြည်နယ်ရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့လို နံနက်စာအဖြစ် စားသုံးလေ့ရှိပါတယ်။
ရှမ်းခေါက်ဆွဲကို ဆန်ခေါက်ဆွဲ၊ ကြက်သား (သို့) ဝက်သား၊ ခရမ်းချဉ်သီး၊ ပဲငါးပိတို့နဲ့ ရောစပ်ချက်ပြုတ်ပြီး အရည်၊ အသုပ်ပုံစံနှစ်မျိုးနဲ့ နှစ်သက်သလို စားကြပါတယ်။
၅။ ငါးပိရည် (Ngapi Yay)
မြန်မာထမင်းဝိုင်းတွေမှာ မပါမဖြစ်ကတော့ ငါးပိရည်နဲ့တို့စရာပါပဲ။ ငါးပိရည်ကို ရေနဲ့ရောစပ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ ချက်ပြုတ်ကြပါတယ်။
ငါးပိရည် တို့စရာဟာ မြန်မာတို့ရဲ့ အခြေခံအစားအစာတွေထဲက တစ်ခုဖြစ်သလို ငါးပိမှာလဲ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။
၆။ နန်းကြီးသုပ် (Nan Gyi Thoke)
နန်းကြီးသုပ်ဆိုတာက မန္တေလးရိုးရာအသုပ်ပါ။ မန္တလေးမုန့်တီသုပ်လို့လည်း ခေါ်ကြတယ်။ မန္တလေးမှာ နန်းကြီး၊ နန်းလတ်၊ နန်းသေး (၃)မျိုး နှစ်သက်ရာစားနိုင်ပါတယ်။ ရန်ကုန်နဲ့ အောက်ပြည်များမှာတော့ နန်းကြီးသုပ်ဆိုတာ နန်းလတ်သုပ်သာဖြစ်ပါတယ်။
ဆန်နဲ့လုပ်ထားတဲ့မုန့်ဖတ်ကို ကြက်သား၊ ဆီချက် (ဆီနီ/ဆီဝါ)၊ ပဲကျက်မှုန့်၊ မုန်ကြွပ်အကြော်၊ ကြက်ဥပြုတ်ခြမ်း၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ နံနံပင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး စတာတွေနဲ့ သုပ်ပြီး ဟင်းရည်နဲ့ တွဲဖက်စားသောက်ရတာပါ။
၇။ မုန့်လင်မယား (Mont Lin Ma Yar)
မြန်မာတို့ရဲ့ ညဈေးတန်း အစားအစာတွေမှာ မပါမဖြစ်ပါ။ ပွဲဈေး၊ ညဈေးတန်းတွေမှာ တွေ့ရနိုင်သလို အိမ်မှာလည်း အလွယ်တကူ လုပ်စားလို့ရတဲ့ ရိုးရာမုန့်တစ်ခု ဖြစ်ပါတယ်။
၈။ အုန်းထမင်း (Coconut Rice)
ချိုချိုဆိမ့်ဆိမ့်နဲ့ အရသာရှိတဲ့ မြန်မာအစားအစာတွေထဲမှာ အုန်းထမင်းလည်း ပါဝင်ပါတယ်။ ထမင်းကို အုန်းနို့၊ ဆီ၊ သကြား၊ ဆား၊ ကြက်သွန်နီတို့နဲ့ ချက်ပြီး ကြက်သားဟင်း၊ ချဉ်ဟင်းရည်၊ ငပိကြော်တို့နဲ့ တွဲဖက်စားသုံးကြပါတယ်။
၉။ ရခိုင်မုန့်တီ (Mont Di)
ရခိုင်မုန့်တီက ရခိုင်လူမျိုးတို့ရဲ့ ရှေးရိုးရာ အစားအစာတစ်ခုဖြစ်သလို မြန်မာလူမျိုးတို့ အကြိုက်ဆုံး အစားအစာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ရခိုင်မုန့်တီအရည်၊ မုန့်တီအသုပ် နှစ်မျိုးနဲ့ ကြိုက်နှစ်သက်သလို စားနိုင်ပြီး နေ့လယ်-ညနေ အဆာပြေ အစားအစားဖြစ် စားကြပါတယ်။
၁၀။ မယ်ဇလီဖူးသုပ် (Cassia Flower Bud Salad)
မယ်ဇလီဖူးသုပ်ဟာ မြန်မာတို့ရဲ့ ရိုးရာအသုပ်တစ်ခု ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်၊ နက္ခတ်၊ ကြယ်တာရာစုံညီတဲ့အချိန် မယ်ဇလီဖူးသုပ်ကို စားတဲ့အခါ အနာရောဂါပျောက်ကင်းနိုင်သည် ဆိုသည့် ယုံကြည်ချက်ဖြင့် ဆေးဝါးအဖြစ် စားကြပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မယ်ဇလီဖူးသုပ်ကို မိသားစုဝင်တွေ ကိုယ်တိုင် စားကြသလို အိမ်နီးနားချင်းတွေကို မျှဝေတာကလည်း မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။
၁၁။ ထိုးမုန့် (Htoe Mont)
မြန်မာ့ရိုးရာ အချိုပွဲမုန့်တစ်ခုဖြစ်တဲ့ ထိုးမုန့်ဟာ မန္တလေးမြို့ရဲ့ အထင်ကရ လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။ ထိုးမုန့်ကို ကောက်ညှင်းဆန်၊ စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ မလိုင် တို့နဲ့ အမျိုးမျိုးပြုလုပ်ကြပါတယ်။
၁၂။ မုန့်လုံးရေပေါ် (Mont Lone Yay Baw)
မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်နဲ့အတူ အမြဲတွဲဖက်မြင်နေမိတဲ့ ရိုးရာမုန့်ဟာ မုန့်လုံးရေပေါ်ပါပဲ။ ကောက်ညှင်းမှုန့်ကို ထန်းလျက် (သို့) ကြံသကာခဲထည့်ကာ လုံးပြီး ကျက်တဲ့အခါ ရေပေါ် ပေါ်လာတာကြောင့် မုန့်လုံးရေပေါ်ဟု ခေါ်ကြချင်းဖြစ်ပါတယ်။
တန်ခူးလရောက်တိုင်း မုန့်လုံးရေပေါ်များ အလှူအတန်းလုပ်ကြပါတယ်။ မုန့်လုံးရေပေါ်ကို ငရုတ်သီးထည့်ကာ မိသားစု၊ သူငယ်ချင်းတွေကြားထဲမှာ စနောက် ကျီစယ်တတ်ကြပါသေးတယ်။
၁၃။ မုန့်ဖက်ထုပ် (Mont Phet Htok)
မုန့်ဖက်ထုပ်ကို ဌာပနာထုပ်လို့လည်း ခေါ်ကြပါတယ်။ ကောက်ညှင်းကို အုန်းသီး၊ သကြားထည့်ကာ ငှက်ပျောဖက်နဲ့ ထုပ်ပြီး ပေါင်းအိုးထဲထည့် ပေါင်းပြီး စားကြတာပါ။
အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်း ကျေးရွာဘုရားပွဲတွေမှာ တွေ့ရတတ်တဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။
၁၄။ မုန့်ဗိုင်းတောင့် (Mont Bine Tount)
ဆန်နဲ့ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။ ရှေးယခင် ချည်ချ ဗိုင်းငင်စတဲ့ အဝတ်အထည်လုပ်ငန်းက ဝါချည်မျှင် ဗိုင်းတောင့်လေးများ အသွင်အပြင်ကို ဖန်တီးပြုလုပ် ထားတာကြောင့် မုန့်ဗိုင်းတောင့်လို့ ခေါ်ကြချင်းဖြစ်ပါတယ်။
မုန့်ဗိုင်းတောင့်မှာ အဖြူနဲ့ အညို နှစ်မျိုးရှိပါတယ်။ အညိုကတော့ ပဲလွန်းစေ့နဲ့ လုပ်ထားတာဖြစ်ပြီး အဖြူကတော့ ဆန်နှစ်သီးသန့်နဲ့ လုပ်ထားတာပါ။
၁၅။ တိုဟူးနွေး (Tofu Nway)
တိုဟူးနွေးဟာ ရှမ်းရိုးရာ အစားအစာတစ်ခုဖြစ်ပြီး နံနက်စာအနေနဲ့ စားလေ့ရှိကြပါတယ်။ တိုဟူးနွေးကို အီကြာကွေး၊ ဝက်ခေါက်ကြော်၊ မုန့်ညှင်းချဉ်၊ ရှမ်းချဉ်တို့နဲ့ တွဲဖက်စားလေ့ရှိပါတယ်။
မနက်ခင်းမှာသာမက ညဈေးတန်းတွေမှာပါ မြင်တွေ့ရပြီး လူကြိုက်များတဲ့ ရိုးရာအစားအစာ တစ်ခုလည်းဖြစ်ပါတယ်။
၁၆။ ကောက်ညှင်းပေါင်း (Kauk Hnyin Paung)
မြန်မာတို့ရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ ကောက်ညှင်းပေါင်းကို အဖြူပေါင်းနဲ့ ငချိတ်ပေါင်းဆိုပြီး နှစ်မျိုးခွဲထားပါတယ်။
ကောက်ညှင်းဆန်အဖြူနဲ့ ပေါင်းတာကို ကောက်ညှင်းအဖြူပေါင်းလို့ ခေါ်ပြီး ကောက်ညှင်းငချိတ်နဲ့ ပေါင်းတာကိုတော့ ငချိတ်ပေါင်းလို့ ခေါ်ကြပါတယ်။
ကောက်ညှင်းပေါင်းကို ပဲဆီ၊ စားတော်ပဲပြုတ်၊ နှမ်းထောင်း၊ အကြော်စုံ၊ ငါးခြောက်တို့နဲ့ တွဲဖက်ကာ မနက်စာအနေနဲ့ စားကြပါတယ်။
၁၇။ သင်္ကြန်ထမင်း (Thingyan Rice)
သင်္ကြန်ထမင်းဟာ သင်္ကြန်အချိန်အခါမှသာ စားသုံးလေ့ရှိတဲ့ မွန်ရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ်။
နှစ်စဉ် သင်္ကြန်အချိန်အခါရောက်တိုင်း ထမင်းကို ရေစိမ်ကာ ငါးခြောက်ထောင်းကြော်၊ ငရုတ်သီးကြော်တို့နဲ့ ဧည့်ခံကျွေးမွေးပြီး အလှူတန်းလုပ်တတ်ကြတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့ကို မြင်တွေ့နိုင်ပါတယ်။
မြန်မာ့ရိုးရာအစားအစာတွေဟာ ထူးခြားပြီး အရသာရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။ ရိုးရာဓလေ့တွေ ပေါင်းစည်းယှက်နွယ်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်ဆိုရင် ဒီအစားအစာတွေကို မဖြစ်မနေ စားသုံးကြည့်ဖို့ အကြံပြုလိုပါတယ်။
အစားအစာတစ်ခုချင်းစီတိုင်းမှာ မြန်မာတို့ရဲ့ နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ရဲ့ အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။